ညောင်လေးပင်မြို့တွင် ရဲအင်အား ၁၀၀ကျော်ဖြင့် လောင်းကစား ပြုလုပ်သည်ဟု ဆိုသည့် နေရာ၂၀ ကို တစ်ပြိုင်တည်းဝင် ရောက်ဖမ်းစီး ရာ ၂ ဦးဖမ်းစီးရမိ
ညောင်လေးပင် ဇန်နဝါရီ ၁၇ ။
ပဲခူးခရိုင် ရဲတပ်ဖွဲ့မှ ဦးဆောင်၍ ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက ညောင်လေးပင်မြို့အတွင်းရှိ လောင်းကစားနေရာများအား ရဲအင်အား ၁၀၀ ကျော်ဖြင့် တစ်ပြိုင်တည်း ရှာဖွေဖမ်းစီးခဲ့ကြောင်း ညောင်လေးပင် မြို့မရဲစခန်းမှသိရသည်။
ထိုကဲ့သို့ရှာဖွေဖမ်းစီးရာတွင် ညောင်လေးပင်ရဲတပ်ဖွဲ့အပါ အခြား မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များပါပူးပေါင်း၍ စုစုပေါင်း အင်အား၁၀၀ ကျော်၊ အဖွဲ့ပေါင်း ၂၀ ကျော်ဖြင့် နေရာ ၂၀ ကျော်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း၊ နှစ်နေရာကနေ နှစ်လုံးထီလောင်းကစားလုပ်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိကြောင်း ညောင်လေးပင်မြို့မရဲစခန်းမှူး ဒုရဲမှူးဌေးဝင်းက ပြောသည်။
ညောင်လေးပင်မြို့အတွင်း ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားအိမ်သို့ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်ဝရမ်း တို့ဖြင့် အဖွဲ့ခွဲ ရှာဖွေကြရာ ဝေါမြို့နယ် ရဲတပ်ဖွဲ့ နှင့် ညောင်ခါးရှည်နယ်မြေရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ညောင်လေးပင်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ပါဝင်သော အဖွဲ့သည် သက်သေများနှင့်အတူ မြို့မ(၃)ရက်ကွက်၊ မြို့မဈေးအတွင်းမှ ငါးစိမ်းတန်းလမ်းအတွင်းရှိ ဆိုင်ခန်း၌ သန်းမင်းနိုင် (ခ) ကြွက်ကလေး အား လည်းကောင်း၊ ကျောက်တံခါးမြို့နယ်ရဲတပ်ဖွဲ့၊ ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းတို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ညောင်လေးပင်မြို့မရဲစခန်းမှ ဒုနယ်ထိန်း ခေါင်းဆောင် ပါဝင်သောအဖွဲ့သည် သက်သေများနှင့်အတူ မြို့မ (၅) ရပ်ကွက် တိုးချဲ့(၂)၊ (၇)လမ်းရှိ နေအိမ်၌ ဒေါ်ခိုင်ခိုင်စိုးအား လည်းကောင်း နှစ်လုံးထီဂဏန်းနှင့် ငွေတန်ဖိုးရေးသားထားသည့် ဘောင်ချာစာရွက်၊ နှလုံးထီဂဏန်းများ တွက်ချက်ထားသည့် စာရွက်၊
နှလုံးထီအတိတ်ပေး စက္ကူကဒ်၊ သုံးလက်စ ကာဗွန်ပိုင်း၊ ဘောပင် နှင့် ငွေစက္ကူ စသည်တို့ ရှာဖွေတွေ့ရှိရ၍ ၎င်းတို့အား မြို့မရဲစခန်းမှ (ပ)၁၃/၂၀၂၀ ၊ (ပ)၁၄/၂၀၂၀ လောင်းကစားဥပဒေပုဒ်မ ၁၈(က) / ၁၉(က)တို့ ဖြင့်အမှုဖွင့်လှစ်ထားရှိကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ညောင်လေးပင်မြို့အတွင်း ကြိုတင်သတင်းရရှိထားသည့် နှစ်လုံး၊ သုံးလုံး၊ ဘောလုံး စသည့် လောင်းကစားနေရာများအား ရှာဖွေဖမ်းဆီးခြင်း ဖြစ်ပြီး ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အခြားမြိုနယ်များမှ ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ ရပ်ကွက်အုပ်ချုပ်ရေးမှူး များ နှင့် ရာအိမ်မှူးများလည်း ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)
#Bagoweeklyjournal
Via: Zin Moe